Saturday, June 20, 2009

ညီမျှခြင်း

ပေးလိုက်ရတဲ့အချိန်တွေနဲ့
ပစ်လိုက်ရတဲ့အရာတွေ
တခါမှ ထပ်တူမကျဖူးသလို
ဘယ်တော့မှ ထပ်တူကျမှာမဟုတ်ဘူး ...

အရာဝထ္တုတစ်ခုရဲ့တန်ဘိုးက
သတ်မှတ်သူပေါ်မှာ မူတည်နေပြန်တော့
သူ့အကြိုက် ကိုယ့်အကြိုက်နဲ့ပဲ
တန်ဘိုးဆိုတာလည်း ကွာသွားတာပေါ့ ....

အရာရာတိုင်းကိုသာ
တွေးပြီးဝမ်းနည်းနေမယ်ဆိုရင်
နေရာမှာတင် လဲသေသွားနိုင်တယ် ...
တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ
မရှိမကောင်း ရှိမကောင်းပါပဲ ...

အသေချာဆုံး

မင်းကိုတချက်သတိရလိုက်တိုင်း
အလွမ်းတွေဝဲကနဲပျံလာတယ် ...
မျက်ဝန်းမှာ
အရည်ကြည်တချို့ ဝေ့ကနဲ့သီတယ် ...
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
လုပ်ယူထားတာမဟုတ်တဲ့ ဒီသတိရခြင်းတွေအတွက်
ငါ ကျေနပ်တယ် ...
မဆုံဖြစ်တော့ပေမယ့် အပြီးဝေးသွားတာမှမဟုတ်တာ
သေချာမပြောနိုင်တဲ့ တနေ့နေ့မှာ
ငါတို့တွေ မဆုံနိုင်ဘူးလို့
ဘယ်သူမှ အတပ်မပြောနိုင်တာတော့ သေချာတယ် မဟုတ်လား ....

Tuesday, June 16, 2009

အလွမ်း

အလွမ်းတွေက သည်းထန်လွန်းတယ်
ဖြေ ပြေစရာကတော့ ဟိုးအဝေးကြီးမှာ ...
တစုံတရာသတ်မှတ်လိုက်ရင်
တကယ်ကို ဝေးကြရမယ်တဲ့လား ....
ဟင့်အင်း ...
မသတ်မှတ်တာတောင် နီးမှမနီးနိုင်တာလေ ...
မတွေ့ဖြစ်တဲ့ရက်တွေ ကျဲရာကစိပ်လာတော့
ဖွဲ့တည်လာတဲ့အလွမ်းတွေကို
မင်းရှေ့ချပြရအောင်လည်း မ၀ံ့ဘူးကွယ် ....
နောက်ဆုံးတော့လည်း
အလွမ်းတွေကို ကိုယ်တိုင်သိမ်းထုပ်
မံမီရုပ်တစ်ရုပ်လုပ်ပြီး
ငါ့ရင်ခွင်ပိရမစ်ထဲ ငါကိုယ်တိုင် သိမ်းမြုပ်လိုက်မယ် ....

Saturday, June 13, 2009

ကောင်းကင်အတွက်

ငါရဲ့ကောင်းကင် ကြည်စင်နေတာ
တိမ်ညိုတွေရယ် ဘယ်အညိုးနဲ့
နှောက်ယှက်ရက်သလဲ ….

လေပြင်းရယ်
ခပ်ကြမ်းကြမ်း ခရီးနှင်လိုက်ပါ …
မင်းနဲ့အတူ တိမ်တွေကိုပါ ခေါ်သွားပေးပါ ….

မိုးရယ် သည်းထန်စွာရွာသွန်းလိုက်ပါ
တိမ်ညိုတွေပြယ်လွင့်မှ
ငါ့ကောင်းကင်အရောင်တင့်မှာမို့လေ …

ခွင့်လွှတ်ပါတိမ်ညိုတွေရယ်
မင်းကိုကွယ်ပျောက်စေချင်တာ
ငါ့ကောင်းကင် ကြည်လင်နေစေချင်လို့ပါ ….

Thursday, June 11, 2009

လက်ရှိ

ဖြစ်ချင်တာဖြစ်ခွင့်မရရင်
ဖြစ်နေတာကိုပဲကျေနပ်လိုက်မယ် ...
အခါတိုင်းအတွက် အသင့်ဖြစ်မနေတာတော့
အပြစ်မဆိုသာပါဘူး ....
ငါကသူ့အတွက် အရေးမပါလှဘူးလေ ....

တိတ်တဆိတ်သာကြေကွဲနေရရင်
ညိုနေတဲ့တိမ်တွေတောင်
ငိုချမှာစိုးလို့ မျက်နှာတောင် မော်မကြည့်ခဲ့ဘူး ...
တိမ်တွေသူ့ခရီးသူနှင်ပါစေပေါ့ .....

စိတ်ကူးနဲ့ဆောက်တဲ့အိမ်ကိုတောင်
အိမ်ရှင်က စိတ်လိုလက်ရ တံခါးဖွင့်မကြည့်မှတော့
ထပ်ခါထပ်ခါဖွင့်လွန်းတဲ့ ဓါတ်ပြား
အက်ကြောင်းထင်သွားတာပဲ အဖတ်တင်လိမ့်မယ် .....
တကယ်က ခပ်မဆိပ်ပဲနေလိုက်သင့်တာ ........................................

အိပ်မက်သာ

မနာကျင်စေရပါဘူး
တိမ်မျှင်တွေပေါင်းယှက်လို့
ရက်ထားတဲ့မေတ္တာခြုံထည်နဲ့
လုံခြုံစွာထွေးပေးချင်တာပါ ...

ရစ်နွယ်မှာလဲမပူပါနဲ့လေ
ငါ့ရဲ့သံယောဇဉ်ကြိုးက
မင်းလိုရာစေနိုင်တဲ့
ပန်းနဲ့သီထားတဲ့ ကြာပွတ်တစ်ချောင်းရယ်ပါ ...

မကြောင့်ကြပါနဲ့လေ
မင်းဆီကအချစ်တွေကိုမျှော်လင့်နေမယ်လို့ပေါ့ ...
တကယ်တော့
ငါက အိပ်မက်သာမက်ခွင့်ရှိသူပါ ......

Sunday, June 7, 2009

အဖွင့်ကဗျာ

ခံစားချက်တွေနဲ့
နန်းတော်တစ်ခုတည်ဆောက်ဖို့
ငါ့ရဲ့စာမျက်နှာကို ဒီကဗျာနဲ့စလိုက်တယ် ...
အချစ်ဆိုတာ ဗိုင်းရပ်စ်တစ်ကောင်မှန်းသိလျက်နဲ့
အနားသွားကပ်မိတော့
ရလာတာက အပြစ်တစ်ခုသာရယ်ပါ ...
ဘယ်တော့မှမရနိုင်တဲ့ အချစ်တခုအတွက်
ခံစားရသမျှတွေကို သက်မဲ့ရင်ခွင်တစ်ခုပေါ်
ညင်သာစွာကျဲချခွင့်ပြုပါ ......